“ဂျင်ဗောဓိတရားကျင့်ကြံမှု(မြန်မာ)” မြဝင်းဖြာ ကုမ္ပဏီမှ ဆောက်လုပ် လှူဒါန်းသော ကျောင်းဆောင်(၃)ဆောင်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနား

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၆ ရက်

“ဂျင်ဗောဓိတရားကျင့်ကြံမှု(မြန်မာ) (JinBodhi Meditation Center)” မြဝင်းဖြာ ကုမ္ပဏီမှ ဆောက်လုပ် လှူဒါန်းသော ကျောင်းဆောင်(၃)ဆောင်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို တိုက်ကြီးမြို့နယ်၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ မြို့မ(၃)၌ ကျင်းပခဲ့ပါသည်။

၎င်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ နှင့် တာဝန်ရှိသူများ၊ တိုက်ကြီးမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြောက်ပိုင်းခရိုင် ပညာရေးမှူး၊ တိုက်ကြီးမြို့နယ် ပညာရေးမှူးနှင့် တိုက်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ဂျင်ဗောဓိ ဆရာတော်နှင့် အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ၊ တိုက်ကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်၊ မြောက်ပိုင်းခရိုင် ပညာရေးမှူး၊ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ အခြေခံပညာအထက်တန်းကျောင်းခွဲ မြို့မ(၃) ကျောင်းအုပ်ကြီး၊ ဂျင်ဗောဓိဆရာတော်နှင့် အလှူရှင်များက ကျောင်းဆောင်သစ်ရှေ့၌ ဖဲကြိုးဖြတ်၍ ကျောင်းဆောင်သစ်အား ဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အား အခြေခံပညာအထက်တန်း ကျောင်းခွဲ မြို့မ(၃) ခန်းမ၌ ဆက်လက်ကျင်းပရာ ကျောင်းသူလေးများက “မင်္ဂလာပါ” သီချင်းဖြင့် ကပြဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ကျောင်းဆောင်သစ်များ လှူဒါန်းသည့်အပေါ် ကြည်နူးဝမ်းမြောက်သည့် အမှာစကား ပြောကြားပါသည်။

ထို့နောက် အလှူရှင်များကိုယ်စား ဂျင်ဗောဓိ ဆရာတော်မှ လှူဒါန်းရသည့် အကြောင်းအား ရှင်းလင်းပြောကြားပါသည်။

ယင်းနောက် ပညာရေးဌာနသို့ ကျောင်းဆောင်သစ်များအား လွှဲပြောင်းပေးအပ်မည့် စာရွက်စာတမ်းများအား ဂျင်ဗောဓိဆရာတော်မှ ပေးအပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည် ပေးအပ်ခဲ့ပါသည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်းခွဲ မြို့မ(၃) ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ၎င်းနောက် ကျောင်းသား/သူလေးများက “ပြည်မြန်မာ” သီချင်းဖြင့် သီဆို ဖျော်ဖြေခဲ့ကြပါသည်။ ဖျော်ဖြေပွဲပြီးနောက် တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ်များနှင့် အလှူရှင်များ စုပေါင်း ဓာတ်ပုံရိုက်၍ အခမ်းအနားကို ပြီးမြောက်ခဲ့ပါသည်။

“ဂျင်ဗောဓိတရားကျင့်ကြံမှု(မြန်မာ)” မြဝင်းဖြာ ကုမ္ပဏီမှ ဆောက်လုပ် လှူဒါန်းသော ကျောင်းဆောင်(၃)ဆောင်မှာ တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲ မြို့မ(၃)၊ (၁၅၀’ x ၃၀’) RCC (၂)ထပ် (၂၁၈,၅၀၀,၀၀၀ ကျပ်)၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ(စမ်းရွာ) (၁၂၀’ x ၃၀’) RCC (၁)ထပ် (၈၈,၇၁၅,၀၀၀ ကျပ်)၊ အခြေခံပညာမူလတန်းကျောင်း (ကျောက်ဖျာကုန်း) (၈၀’ x ၃၀’) RCC (၁)ထပ် (၆၃,၀၀၀,၀၀၀ ကျပ်)တို့ ဖြစ်ကြောင်း သိရှိရသည်။

“ဂျင်ဗောဓိတရားကျင့်ကြံမှု(မြန်မာ)” မြဝင်းဖြာ ကုမ္ပဏီအနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း လှည်းကူးမြို့နယ်၌  (၁၅၀’ x ၃၀’) တစ်ထပ် ကျောင်းဆောင်နှင့် လှိုင်သာယာမြို့နယ်၌  (၁၈၀’ x ၃၀’) တစ်ထပ် ကျောင်းဆောင် တို့အား ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။

Post by ICT Department

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်