၁၂-၆-၂၀၂၀ ရက်နေ့တွင် Grade-4 သင်ရိုးသစ် နည်းပြသင်တန်းအား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် သင်တန်း တည်ရှိရာ Virtual Classroom များ၌ Online ဖြင့် ပို့ချခဲ့မှုအား မြို့နယ်အလိုက်နည်းပြများမှ တက်ရောက်ခဲ့ကြပါသည်။ ၁၃-၆-၂၀၂၀ ရက်နေ့တွင်လည်း ဒုတိယနေ့အဖြစ် ဆက်လက်ပို့ချမှုကို တက်ရောက်ရမည်ဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၃)မြို့နယ်မှ နည်းပြ သင်တန်းသား စုစုပေါင်း (၂၈၈၄)ဦးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ထိန်းချုပ်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သင်တန်းတည်ရှိရာ နေရာများ၌ ပါဝင်လေ့လာ ဆွေးနွေးလျက်ရှိကြောင်း တွေ့ရှိပါသည်။ သင်တန်းပို့ချမှုအား မြို့နယ်များမှ Online ဝင်ရောက်ကြည့်ရှုရာတွင် နံနက်ပိုင်း၌ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့သော်လည်း မွန်းလွဲပိုင်းတွင် နံနက်ပိုင်းထက် ပိုမိုအဆင်ပြေလာကြောင်း သိရှိခဲ့ရပါသည်။
၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္ထတန်း (Grade-4) သင်ရိုးသစ် သင်တန်းများကို
ကမ္ဘာ့ ကပ်ရောဂါ COVID-19 ဖြစ်ပွားမှုကြောင့် တိုင်းဒေသကြီးအဆင့်နှင့် ခရိုင်အဆင့်သင်တန်းများ ကျင်းပခြင်း မပြုတော့ဘဲ မြို့နယ်အဆင့်သင်တန်း (Face to Face) သင်တန်းများကို (၁၅-၆-၂၀၂၀)ရက်နေ့မှ (၂၁-၆-၂၀၂၀)ရက်နေ့အထိ မိမိတို့မြို့နယ်များရှိ သင်တန်းတည်ရှိရာ ကျောင်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ထိန်းချုပ်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ဆောင်ရွက်မည် ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် (၄၃)မြို့နယ်၌ မြို့နယ်အဆင့် သင်တန်းတက်ရောက်မည့်သူ ဆရာ/ဆရာမပေါင်း (၁၄၅၅၃)ဦး ရှိကြောင်း သိရှိရပါသည်။
