
၂၀၁၉ ခုနှစ် သြဂုတ်လ ၁၅ ရက်
Vietnam နိုင်ငံ Hanoi မြို့၌ သြဂုတ်လ ၁၃ ရက်မှ ၁၄ ရက်နေ့အထိ ကျင်းပခဲ့သော ASEAN Cyber Kids Camp-2019, scratch programming ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ကျောင်းသား/သူများမှ ရွှေတံဆိပ်ဆု ရရှိခဲ့ပါသည်။
ပြိုင်ပွဲတွင် အာဆီယံနိုင်ငံများမှ အသက် (၇)နှစ်မှ အသက်(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ မြန်မာနိုင်ငံကိုယ်စားပြုအသင်းတွင် အုပ်ချုပ်သူ/နည်းပြအဖြစ် ဦးသော်ဇင်အောင်၊ အထက်တန်းပြ၊ အထက(၂) ဇေယျဝတီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ပြိုင်ပွဲဝင်ကလေးများအနေဖြင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ်မှ စတုတ္ထတန်း ကျောင်းသား မောင်စစ်လင်းဖုန်းနှင့် ICTC ကိုယ်ပိုင်ကျောင်း၊ မူဆယ်မြို့နယ်၊ ရှမ်းပြည်နယ်မှ စတုတ္ထတန်း ကျောင်းသူ မဆုမြတ်မေ တို့ သွားရောက် ယှဉ်ပြိုင်ကြ ခြင်းဖြစ်သည်။
မြန်မာအသင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ခေါင်းစဉ်မှာ “Climate change or global warming” ဖြစ်ပြီး အဆိုပါ ကလေးငယ် နှစ်ဦးမှ အချိန် (၇)နာရီအတွင်း SCRATCH Application အသုံးပြု၍ ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် အာဆီယံ နိုင်ငံများမှ ကျောင်းသား/သူ (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မောင်စစ်လင်းဖုန်းမှာ အသက်(၉)နှစ်ဖြင့် အငယ်ဆုံး ကျောင်းသား (၁)ဦး ဖြစ်ခဲ့သည်။ ယခင်နှစ်တွင်လည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးမှ အုပ်ချုပ်သူ/နည်းပြနှင့် ကျောင်းသား/သူ(၂)ဦးကလည်း တတိယဆုကို ရယူပေးနိုင်ခဲ့သည်။
Post by ICT Department