အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ခြင်းလက်မှတ်ပေးအပ်ခြင်း၊ တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း နှင့် သင်ကြားသင်ယူမှု၊ လုပ်ငန်းများအား ထပ်ဆင့်ရှင်းလင်းပွဲ

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂ ရက်

အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ခြင်းလက်မှတ်ပေးအပ်ခြင်း၊ သင်ရိုးသစ်အတန်းများ တတ်မြောက်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် လအလိုက်ဆောင်ရွက်ရမည့် သင်ကြားမှု၊ သင်ယူမှုလုပ်ငန်းများ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲအား ယနေ့ နံနက် (၉ : ၃၀)နာရီမှ ညနေ (၃ : ၃၀)နာရီအထိ အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေနှင့် ညွှန်ကြားရေးမှူး(ပညာ) ဒေါ်မြင့်မြင့်ခိုင်တို့က ထပ်ဆင့်ရှင်းလင်းပွဲနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး(စီမံကိန်းများကြီးကြပ်အကဲဖြတ်) ဒေါ်နီလာထွေးက အခြေခံပညာ မူလတန်း အောက်ဆင့် (သင်ရိုးသစ်)ဆိုင်ရာ တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း မှတ်တမ်းများအကြောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး(စီမံကိန်းများကြီးကြပ်အကဲဖြတ်) ဒေါ်မာလာမော်က အခြေခံပညာ အလယ်တန်းဆင့် (သင်ရိုးသစ်)ဆိုင်ရာ တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း မှတ်တမ်းများအကြောင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး(စီမံကိန်းများကြီးကြပ်အကဲဖြတ်) ဒေါ်စပယ်လွင်က အခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ရေးအတွက် ဆောင်ရွက်ရန် ကိစ္စများအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများမှ သိလိုသည်များကို ဆွေးနွေးမေးမြန်း၍ တာဝန်ရှိသူများက ပြန်လည် ဖြေကြား ဆွေးနွေးခဲ့ပါသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ခြင်းလက်မှတ်ပေးအပ်ခြင်း၊ သင်ရိုးသစ်အတန်းများ တတ်မြောက်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် လအလိုက်ဆောင်ရွက်ရမည့် သင်ကြားမှု၊ သင်ယူမှုလုပ်ငန်းများနှင့် ပတ်သက်၍ နိဂုံးချုပ် အမှာစကား ပြောကြား၍ အခမ်းအနားကို ပြီးမြောက်ခဲ့ပါသည်။

၎င်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး(ပညာ)၊ ဒုတိယညွှန်ကြားရေးမှူး(ပညာ) နှင့် စီမံကိန်းများကြီးကြပ်အကဲဖြတ် ဌာနမှ တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူးရုံးများမှ စီမံကိန်းများကြီးကြပ်အကဲဖြတ် တာဝန်ထမ်းဆောင် နေကြသူများ၊ မြို့နယ်ပညာရေးမှူးရုံးများမှ ဒုတိယမြို့နယ်ပညာရေးမှူး(ပညာ)များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲများမှ ကျောင်းအုပ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာအထက်တန်းဆင့် သင်ကြားနေသော ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများနှင့် မြင်သာမြို့ဦး(ဘက)ကျောင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Post by ICT Department

Source: MNE Department, MRTV

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်