

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၀ ရက်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လူငယ်များအား အသိပညာပေးရန် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ ပါဝင်သော အသိပညာပေး လုပ်ငန်းအဖွဲ့သည် ယနေ့ နံနက် (၁၀)နာရီတွင် လှိုင်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဟောပြော ဆွေးနွေးခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ အနောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ အနောက်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လှိုင်မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်မှတာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အဖွင့်အမှာစကားပြောကြားပြီး အနောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်နှင့် ဦးစီးအရာရှိ ဒေါ်ခင်မိုးမိုးတို့က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြော ဆွေးနွေးခဲ့ပါသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၃)မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ခွဲ ရဲအုပ် ချစ်ကိုမြင့်က မူးယစ်ဆေးဝါး အန္တရာယ်ကြီးမားပုံအကြောင်း ဟောပြော ဆွေးနွေးပြီး ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး မိုးအောင်က မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု ရဲအုပ် မြတ်နောင်စိုးမှ လူကုန်ကူးခြင်းနှင့် ပတ်သက်၍ ဟောပြော ဆွေးနွေးခဲ့ပါသည်။ ထို့နောက် အနောက်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါ်မြဝင်းမွန်က ကျန်းမာရေး စောင့်ရှောက်မှု အသိပညာ နှင့်ပတ်သက်၍ ဟောပြော ဆွေးနွေးခဲ့ပါသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ဟောပြောဆွေးနွေးပေးသော ဌာနဆိုင်ရာ များနှင့် တက်ရောက်လာကြသော ဆရာ၊ဆရာမ၊ ကျောင်းသား၊ကျောင်းသူများအား ကျေးဇူးတင်စကားနှင့် နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။
ယနေ့ အခမ်းအနားသို့ လှိုင်မြို့နယ်မှ ဆရာ၊ဆရာမ ( ၃၀ )ဦးနှင့် ကျောင်းသား၊ကျောင်းသူ (၄၀၀)ဦး တက်ရောက်ကြကြောင်း သိရှိရပါသည်။
၎င်းဟောပြောပွဲများကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၀)မှ အခြေခံပညာကျောင်း(၂၀)တွင် ဟောပြောဆွေးနွေးသွားမည်ဖြစ်ပြီး ယခု လှိုင်မြို့နယ်၌ ကျင်းပသည့် အခမ်းအနားသည် တတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
Post by ICT Department